Untitled Document
Home Mass Schedule Organization Tour Guide Photo Album Contact All Menus  ☰

St.Mary Cathedral
စိန်မေရီကာသီဒြယ်
အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်မဘုရားရှိခိုးကျောင်း
စိန်မေရီကာသီဒြယ်၏သမိုင်း

(၁) ကာသီဒြယ်အသစ်အတွက် ဆရာတော်ကြီး Paul Bigandet ၏လုပ်ဆောင်ချက် ဆရာတော်ကြီး Paul Bigandet (Vicar Apostolic of Burma 1856-1894) သည် ပျံလွန်တော်မမူမီတွင် တစ်ဆတစ်ဆတိုးပွားလာသော ရန်ကုန်မြို့ရှိ မိမိ၏ဘာသာဝင်သိုးအုပ်စုအတွက် ဝတ်ပြုကိုးကွယ်ရန်အလို့ငှာ ဘုရားကျောင်းတစ်ကျောင်းကို ဆောက်လုပ်ရန်လိုအပ်နေပြီဖြစ်ကြောင်း လေးလေးနက်နက်စဉ်းစားမိခဲ့၏။ ကာသီဒြယ်အဟောင်းမှာ အလွန်ပင်သေးငယ်နေ၏။ ထို့ကြောင့် ကျောင်းအသစ်မှာမြို့တော်၏ ကာသီဒြယ်ဖြစ်သည့် အားလျော်စွာအတန်အသင့်ကြီးသော အရွယ်အစားရှိရမည်ဖြစ်သကဲ့သို့ ရဟန်းတော်များနှင့် ဘာသာဝင်တို့၏ သဘောထားနှင့် ကိုက်ညီသည့်အကောင်းဆုံး ဗိသုကာပုံစံဖြင့် ဆောက်လုပ်ရန်ဖြစ်၏။ စိန်ပေါလ်အထက်တန်းကျောင်း၏ အရှေ့ဘက်တွင်ရှိသော (၁၅)ဧကကျော် အကျယ်ရှိသည့်မြေကွက်ကို တွေ့ရှိခဲ့သည့်အတွက် ဆရာတော်သည် ကာသီဒြယ်အသစ်ဆောက်လုပ်ရန်ရည်ရွယ်ချက်ဖြင့် ထိုမြေကွက်ကို ဘိုးဘွားပိုင်အဖြစ်ဝယ်ယူရန်နှင့် ကာသီဒြယ်အသစ်ဆောက်လုပ်ရာတွင် ကုန်ကျစရိတ်ထဲပြန်ထည့်ရန်အတွက် ကာသီဒြယ်အဟောင်းကိုရောင်းချခွင့်ပေးပါရန် မြန်မာပြည်အစိုးရ (မြန်မာပြည်အခြေစိုက် အင်္ဂလိပ်အစိုးရ)ထံ တောင်းလျှောက်ခဲ့၏။ (The Chief Commissioner) မဟာမင်းကြီး၏ထင်မြင်ချက်အရ ထိုလျှောက်ထားချက်ကို လိုက်လျောရန်မှာ ကြီးမားလွန်းသည့်အတွက် “အစိုးရမင်းအနေဖြင့် စိန်ပေါလ်ကျောင်း၏ ဘေးတစ်ဘက်တွင် ကျန်ရှိနေသောနေရာ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြေအကျယ် (၅)ဧကခန့်ကို ကက်သလစ်အသင်းတော်၏ ကာသီဒြယ်ဆောက်ရန်နှင့် ကာသီဒြယ်လက်အောက်ခံ သာသနာ့အဆောက်အဦးများဆောက်လုပ်ရန် နေရာအဖြစ် ဂရံအခွင့်ပြုရန်ဖြစ်သည်။ သို့သော် လက်ရှိကာသီဒြယ်(လက်ရှိကာသီဒြယ်အဟောင်း)ကိုမူ သာသနာမှအစိုးရသို့ပေးအပ်စွန့်လွှတ်ရမည်” ဟု အကြံပြုထောက်ခံခဲ့ပါသည်။ ယင်းမှာ အမှတ် (၃၇၂)၊ ဗိုလ်အောင်ကျော်လမ်းတွင်တည်ရှိပါသည်။ ထိုလမ်းကို Spark Street (စပါခ်လမ်း)ဟူ၍လည်းကောင်း၊ ဂျပန်ခေတ်အခါက “ဇေယျလမ်း”ဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ကြပါသည်။

ကာသီဒြယ်အဟောင်းနေရာကို ပြန်ရောင်းချရန် မိမိ၏တောင်းခံချက်မှာ အစိုးရကအလားတူအခွင့်အရေး များကို မကြာသေးခင်နှစ်အနည်းငယ်က အခြားသောခရစ်ယာန်ဂိုဏ်းများအား ပေးခဲ့ခြင်းအပေါ်၌အခြေခံပါကြောင်း အကယ်စင်စစ် ကက်သလစ်သာသနာကိုလည်း တန်းတူအခွင့်အရေးပေးရေးမပေးရေးမှာ အစိုးရဘက်က ဆုံးဖြတ်ရန်သာဖြစ်ကြောင်း မည်သို့ပင်ဖြစ်စေကာမူ ထိုလုပ်ရပ်မှာကျေးဇူးတော်သာဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက မှရပိုင်ခွင့်အဖြစ် တောင်းဆိုနိုင်သည့်အရာမဟုတ်ကြောင်း ဆရာတော်ကသူ၏အကြောင်းပြန်စာတွင် ထောက်ပြခဲ့၏။ ထို့နောက် (၂)လအကြာ၊ (၁၈၉၃)ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့တွင် အိန္ဒိယအစိုးရ (အိန္ဒိယပြည်အခြေစိုက် အင်္ဂလိပ်အစိုးရ)က ဘားလမ်း (ယခု မဟာဗန္ဓုလလမ်း)တွင်တည်ရှိသော ကာသီဒြယ်အဟောင်းနေရာကို ရောင်းချခွင့်နှင့်ရောင်းရငွေကို ကာသီဒြယ်အသစ်တည်ဆောက်မှုအတွက် လျာထားရန်တင်ပြချက်ကို သဘောတူ ခွင့်ပြုလိုက်ကြောင်း ဆရာတော်အားအကြောင်းကြားခဲ့၏။ မိမိ၏စီမံကိန်းကို အကောင်အထည်မဖော်နိုင်ခင်မှာပင် ဆရာတော် Bigandet သည် ကောင်းကင်နိုင်ငံတော်သို့ ဘုရားသခင်၏ ပြန်လည်သိမ်းပိုက်ခြင်းကိုခံခဲ့ရ၏။ Creek Street (ခရစ်လမ်း)လို့ခေါ်ခဲ့တဲ့ ဗိုလ်မြတ်ထွန်းလမ်းမှာ ဆရာတော် Bigandet ရဲ့နေအိမ်ရှိခဲ့တဲ့ အတွက် အောက်ပုဇွန်တောင်လမ်းကနေ သိမ်ဖြူလမ်းအထိ (ယခုအနော်ရထာလမ်း)ကို Bigandet လမ်းလို့ အမည်ပေးခဲ့ဖူးတယ်။ ဆရာတော် Bigandet ရဲ့ ရေနံသုတ်ထားတဲ့ကျွန်းသားအိမ်ကြီးနေရာမှာတော့ ခေတ်မီ “Queen Park Hotel” ကြီးဖြစ်နေပါပြီ။

(၂) ကာသီဒြယ်အသစ်အား တည်ဆောက်ခြင်း
(က) ဆရာတော် Alex Cardot နှင့် ကာသီဒြယ်အသစ်

ဆရာတော် Bigandet ၏အရိုက်အရာကို ဆရာတော် Alex Cardot က ဆက်ခံခဲ့၏။ ဆရာတော် Alex Cardot နှင့် ဘဏ္ဍာအခွန်ဌာနမင်းကြီး၏ အတွင်းရေးမှူးတို့က ဂရံပိုင်ဆိုင်မှုနှင့်ပတ်သက်သောစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုး၍ တရားဝင်ဖြစ်စေခဲ့၏။ အနာဂတ်ဗိမာန်အုတ်မြစ်ချရေးစီမံကိန်းကို နှောင့်နှေးမှုမရှိစေဘဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့၏။ မြန်မာအစိုးရ၏အတိုင်ပင်ခံ ဗိသုကာပညာရှင် Mr. H. Hoyne-Fox (မစ္စတာဟုမ်းဖေါ့)၏ ကွပ်ကဲကြီးကြပ်မှု အောက်တွင် အရှေ့ရောမအင်ပါယာ (သို့) ဘိုင်ဇင်တိုင်ပုံစံကိုအတုယူကာ ကာသီဒြယ်ကျောင်းတစ်ကျောင်း အတွက်အသေးစိတ်ပုံစံများကိုရေးဆွဲခဲ့သည်။ ထိုပုံစံများအရ ဘုရားကျောင်းအလယ်နေရာကျယ်၏ ဘေးတစ်ဖက် တစ်ချက်မှစ၍အပေါ်တွင် လက်ရာမြောက်သောအမိုးခုံးဖြင့် အုပ်မိုးစေခြင်း၊ ဓမ္မတေးသံစုံသီဆိုသူများ နေရာထပ်ခိုးနှင့် မင်းလမ်းကန့်လန့်ဖြတ်ကြက်ခြေအပိုင်းတို့ကို တည်ဆောက်ရန်ဖြစ်သည်။ အုတ်မြစ်စချရန် ပထမကြိုးပမ်းရာတွင် ဗွက်ထူ၍ပျော့ပျောင်းသော အောက်ခံမြေလွှာကိုတွေ့ရှိခဲ့၏။ ဆောက်လုပ်မည့် အောက်ခံမြေလွှာထဲသို့ (၁၈)ပေရှည်၍ (၃)ပေလုံးပတ်ရှိသော ပျဉ်းကတိုးတိုင်များကို အတွဲလိုက်ရိုက်ထည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤငြီးငွေ့ဖွယ်ကောင်းသော အလုပ်ကို (၁၈၉၅) ခုနှစ် ဇွန်လတွင် စတင်ခဲ့ကာ (၁၈၉၉)ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် အဆုံးသတ်နိုင်ခဲ့၏။ ထိုအရေးကြီးသောအပြောင်းအလဲများတိုးတက်မှုရှိစဉ် ဆရာတော် Cardot သည် သူ့ဆရာဝန်၏အရေးတကြီး အကြံပေးချက်အရ ပြင်သစ်ပြည်သို့ သွားခဲ့ရလေသည်။ Mr. H. Hoyne-Fox မှာလည်း ခွင့်ရက်ရှည်ဆက်ယူခဲ့သဖြင့် ၄င်းနေရာတွင် တည်ဆောက်မှုလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲရန်နှင့်အကြံပေးဗိသုကာအဖြစ် ထမ်းဆောင်ရန် တစ်စုံတစ်ယောက်မျှအစားထိုးရန်မရှိခဲ့ချေ။ ထို့ကြောင့်ဥရောပတွင် ဗိသုကာတစ်ယောက်ရှာဖွေပေးရန် ဆရာတော်သည် တောင်းဆိုခြင်းကိုခံရတော့၏။

(ခ) ဘုန်းတော်ကြီး Hendrick Janzen နှင့် ဆရာတော် Cardot

ရဟန်းသိက္ခာခံယူရန်ပြင်ဆင်စုဝေးနေကြသော ရဟန်းလောင်းကျောင်းသားများထဲတွင် ရဟန်းလောင်း တစ်ပါးမှာသူ၏ဖြူဖပ်ဖြူရော်ဖြစ်ပြီး နွမ်းနယ်သောလက္ခဏာနှင့် ပိန်ချုံးချည့်နဲ့သော ရုပ်သွင်ပြင်ကြောင့် သတိထားမိစရာဖြစ်နေ၏။ ဆရာတော် Cardot ကမည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းမေးမြန်းကြည့်ရာ ၄င်းရဟန်းလောင်းသည် လွန်ခဲ့သော(၂)နှစ်ခန့်က အဆုတ်ရောဂါကြောင့် အိမ်သို့ပြန်လွှတ်ခြင်းခံခဲ့ရဖူးသူ ဖြစ်ကြောင်းသိရှိခဲ့ရ၏။ လက်ရှိအချိန်တွင် အကြီးအကဲများ၏ခွင့်ပြုချက်ဖြင့် ရဟန်းသိက္ခာခံယူရန် မိမိကိုယ်ကို ဆက်ကပ်ထားသူဖြစ်သော်လည်း ၄င်းသည်ကုသ၍မပျောက်နိုင်သောရောဂါကြောင့် နိုင်ငံရပ်ခြားတွင် သာသနာပြုရန်မှာမူ မဖြစ်နိုင်ကြောင်းသိရှိရပေ၏။ ဘုန်းတော်ကြီး Janzen သည် အမ်စတာဒမ်မြို့ရှိ ပြည်နယ်ပြတိုက်နှင့် မကြာသေးသောနောက်ဆုံးရာစု၌ ဟော်လန်နိုင်ငံတွင် တည်ဆောက်ခဲ့သည့် ဘုရားကျောင်းအများအပြား၏ ပုံစံဒီဇိုင်းများကိုရေးဆွဲခဲ့သူ ဒတ်ခ်ျလူမျိုး နာမည်ကျော်ဗိသုကာပညာရှင် Dr. Cuypers ၏လက်အောက်တွင် “Ecole Polytechnic” ၌ ပညာသင်ကြားခဲ့ဖူး၏။ Dr. Cuypers သည် “Style Necessaire” ဟူသည့်အသုံးအနှုံးပေါ်ပေါက်လာစေခဲ့သည့် ဗိသုကာပညာအသွင်သစ်၏ မူရင်းဖန်တီးရှင်လည်းဖြစ်၏။ ဘုန်းတော်ကြီး Janzen သည် Dr. Cuypers ၏သား ဗိသုကာပညာရှင်နှင့်အတူတွဲ၍ အမ်စတာဒမ်မြို့ပြတိုက်ကို တည်ဆောက်ရာတွင်လည်း ပါဝင်ခဲ့ဖူး၏။ ဆရာတော် Cardot သည် ဘုန်းတော်ကြီး Janzen အား မိမိနှင့်အတူ ရန်ကုန်သို့လိုက်ခဲ့ရန် ပဲရစ်မြို့အခြေစိုက် နိုင်ငံခြားသာသနာပြု ပြင်သစ်ပြည်အဖွဲ့အစည်းရှိ (MEP) အကြီးအကဲများ၏ ခွင့်ပြုချက်ကို ရယူနိုင်ခဲ့၏။ ဘုန်းတော်ကြီး Jazen သည် Style Necessaire ဖြင့် ပြင်သစ်ကက်သလစ်ကာသီဒြယ်အတွက် ပုံစံသစ်ပြင်ဆင်နေသူ ၄င်း၏အတန်းဖော် Dr. Cuypers, Jr ထံမှအကြံဉာဏ်ဆွေးနွေးတောင်းခံရန်အတွက် မိမိ၏ဇာတိမြေ ဟော်လန်သို့သွားခဲ့၏။ (၁၈၉၈)ခုနှစ် နိုဝင်ဘာလတွင် ဆရာတော် Cardot သည် ဘုန်းတော်ကြီး Janzen နှင့်အတူ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့၏။

(ဂ) ဘုန်းတော်ကြီး Hendrick Janzen နှင့် ကာသီဒြယ်အသစ်

ဘုန်းတော်ကြီး Janzen သည် ရှိနှင့်ပြီးသားအုတ်မြစ်ပေါ်တွင် ပုံစံအသစ်ကိုအံဝင်ရန်အတွက် ချက်ချင်းပင် ပထမရှိပြီးသားပုံစံကိုတိုးချဲ့ခဲ့ရ၏။ ပြုပြင်ပြောင်းလဲခဲ့သည့်ထုထည်မှာ ပေပေါင်း (၃၀)ပိုရှည်၍ လူပေါင်း (၁၅၀၀)ထိုင်ရန်ဆန့်၏။ ထို့ကြောင့်ကာသီဒြယ်၏ အရွယ်အစားမှာ (၂၉၁)ပေအရှည်ရှိကာ (၁၀၁)ပေ အနံရှိ၏။ ကျောင်း၏ခေါင်းရင်းအရှေ့ဘက်ပိုင်းရှိ စက်ဝိုင်းခြမ်းပုံနေရာအောက်ခြေအတွက် (၉)ပေအနက်ရှိသော သဲတစ်ထပ်ကို ပျဉ်ကတိုးတိုင်များအစားခင်းထည့်ပြီး ကျောင်း၏အခြားသောအစိတ်အပိုင်းများကို ခိုင်ခန့်မြဲမြန်စေရန်အတွက် ပျဉ်းကတိုးတိုင် (၁၀၀)ကို ထပ်မံဖြည့်ထည့်ကာထောက်လေ၏။ (၁၈၉၉)ခုနှစ် နိုဝင်ဘာလ (၁၉)ရက်၊ တနင်္ဂနွေနေ့၌ ထောင့်ချုပ်ကျောက်ဖြူသားကို ဆရာတော် Cardot က တခမ်းတနားကောင်းချီးပေးကာ အုတ်မြစ်ချပေးခဲ့၏။ ဘုန်းတော်ကြီး Janzen အဖို့အသုံးပြုရန် အုတ်ခဲများနှင့် ဘိလပ်မြေများ၊ မကျွမ်းကျင်သော အလုပ်သမား ကူလီများနှင့် တရုတ်လူမျိုးပန်းရံဆရာအချို့သာရှိခဲ့၏။ ဘုန်းတော်ကြီး Janzen ၏ပြောင်မြောက်သော ဆောက်လုပ်ရေးလုပ်ငန်း၏လျှို့ဝှက်ချက်မှာ အနီးကပ်အမြဲမပြတ်ကြီးကြပ်လမ်းညွှန်နိုင်မှုနှင့် သူ၏အနိုင်မခံ အရှုံးမပေးသော ဇွဲလုံ့လဝီရိယနှင့်သည်းခံနိုင်မှုတို့ပင်ဖြစ်၏။ မိမိ၏လက်အောက်အလုပ်သမားများကို လမ်းညွှန် သင်ကြားရာတွင် မည်သည့်အခါမျှမပင်ပမ်းနိုင်ဘဲ ၄င်းတို့၏လုပ်ငန်းတိကျပြီး စနစ်ကျရန်အတွက် သစ်သားဖြင့် ပြုလုပ်ထားသောပေတံမျဉ်းတံများ၊ ဘောင်များနှင့် အခြားသောတန်ဆာပလာများကို ပံ့ပိုးပေးခြင်းဖြင့် အရိုးရှင်းဆုံးဖြစ်စေခဲ့၏။ အင်္ဂတေနှင့် သစ်သားပုံစံခွက်များ၏အကူအညီဖြင့် ကျောက်ပြားများနှင့် သရုပ်ဖော်ပုံ တစ်ခုစီတိုင်းအတွက် အလှဆင်ကျောက်တုံးများကို ထုတ်လုပ်ခဲ့၏။ ထိုအရာများ၏ခိုင်ခံမှုနှင့် သိပ်သည်းမှုကို မထိခိုက်စေဘဲ ပို၍ပေါ့ပါးမှုရှိစေကာ ကုန်ကြမ်းအသုံးပြုမှုကိုလည်း သက်သာနိုင်သမျှ သက်သာစေရန် ဆောင်ရွက်ခဲ့ရ၏။ ခေါင်းလောင်းစင်နှစ်ခုဆောက်လုပ်သည့်လုပ်ငန်း ပြီးစီးလုအချိန်တွင် ၄င်းတို့၏အလေးချိန်ကြောင့် နှစ်ပေခန့်နိမ့်ဝင်သွားကာ အောက်တွင်ရှိသော ဘုရားကျောင်းအလယ်လမ်းကြောင်းအမိုးအရင်း၌ ကြီးမားသော အက်ကွဲကြောင်းကို ဖြစ်ပေါ်စေခဲ့၏။ ထို့ကြောင့် ဘုန်းတော်ကြီး Janzen သည် ပင်မကျောင်းဆောင်ကြီးကို မထိခိုက်စေရန်အတွက် ခေါင်းလောင်းစင်နှင့် ကျန်ရှိနေသော အဆောက်အဦးကို ဆက်ထားရာကြားနေရာတွင် အပေါ်မှအောက်တိုင်အောင်ဖြတ်ချခဲ့ရ၏။ ခေါင်းလောင်းစင်ကျွံဝင်သွားမှုမှာ ရပ်ဆိုင်းခြင်းမရှိသည့်အတွက် ဘုန်းတော်ကြီး Janzen သည် ခေါင်းလောင်းစင်၏ အချွန်အတက်များ ဖြည့်ဆည်းတပ်ဆင်မည့်အကြံအစည်ကို စွန့်လွှတ်လိုက်၏။ ကံကောင်းထောက်မစွာပင် ထိုကျွံဝင်သွားခြင်းမှာရပ်သွားပြီး (၁)နှစ်ကျော်ခန့် ထပ်မကျွံတော့သည့်အတွက် ဘုန်းတော်ကြီး Janzen သည် ခေါင်းလောင်းစင်များအပေါ်တွင် (၈၆)ပေ အမြင့်ရှိသော အချွန်အတက်များကို စတင်တည်ဆောက်တော့၏။ (၁၉၀၇)ခုနှစ် သြဂုတ်လ (၁၁)ရက်နေ့တွင် ကာသီဒြယ်ကြီး၏ပြဿဒ်ထိပ်ချွန်ကို ကြီးကြပ်တည်ဆောက် နေစဉ် ဘုန်းတော်ကြီး Janzen သည် ပျဉ်ပြားပေါ်ချော်လဲကျသည့်အတွက်ပေါင်အရိုး၌ သုံးနေရာကျိုးအက်သွားခဲ့၏။ ဘုန်းတော်ကြီး Janzen သည် အမြဲတမ်းမသန်စွမ်းသူတစ်ယောက်အဖြစ် ဆေးရုံမှဆင်းခဲ့ရ၏။ သို့သော် သူနှင့်အတူ (၈)နှစ်တိုင်တိုင် အလုပ်တွဲလုပ်ခဲ့သူ သူ၏အဓိကလက်ထောက် တရုတ်လူမျိုး ပန်းရန်ဆရာ “အားရန်” (Ah Yen)၏ ထက်မြက်သောကြီးကြပ်ကွပ်ကဲနိုင်မှုကျေးဇူးကြောင့် ဆောက်လုပ်ရေး လုပ်ငန်းကိုဆက်လုပ်နိုင်ခဲ့၏။ ဆစ်ဒနီမြို့မှ လက်ထောက်ဂိုဏ်းချုပ်ဆရာတော်ကြီး The Most Rev. Dr. Kelly က ဆစ်ဒနီမြို့ ကက်သလစ်သတင်းစာ (Catholic Press of Sydney) တွင် ဘုန်းတော်ကြီး Janzen နှင့်ပတ်သက်၍ အောက်ပါအတိုင်း မှတ်တမ်းတင်ရေးထားခဲ့၏။ “ရန်ကုန်မြို့ရှိ အပြင်ပိုင်းဆောက်လုပ်ပြီးစီးခါနီးဖြစ်သည့် ကာသီဒြယ်ကြီးမှာ တကယ်ပင်ထူးချွန် ပြောင်မြောက်သောလက်ရာတစ်ခုပင်ဖြစ်၏။ ၄င်းရှိ အမွှာညီနောင်ခေါင်းလောင်းစင်နှစ်ခု၏ အထွတ်များမှာ ဘုရားကျောင်းမျက်နှာစာမှ အထက်သို့ထိုးထွက်နေပြီး ၄င်းတို့အပေါ်တွင်ရှိသည့် လက်ဝါးကားတိုင်နှစ်ခုမှာလည်း ခရီးသွားဧည့်သည်များကို စိတ်ဝင်စားအောင်စွဲဆောင်နိုင်၏။ ဘုန်းတော်ကြီး Janzen မှာ မြေညီထပ်ရှိ ၄င်း၏အခန်းလေးထဲတွင် မထင်မရှားနေနေကာ သာမန်အရိုးရှင်းဆုံးသော ကရိယာတန်ဆာပလာများနှင့် မဖြစ်စလောက်သော ထောက်ပံ့ကြေးငွေသာရှိပြီး အနာဂါတ်အတွက်လုံးဝကိုမသေမချာပင်ဖြစ်နေ၏။ ကျိုးအက်နေသော သူ၏ခြေလက်အင်္ဂါကြောင့် မစ္ဆားပူဇော်ရန်မတ်တပ်မရပ်နိုင်သည့်အတွက် သူ့မှာလပေါင်းများစွာ မစ္ဆားတရား ပူဇော်ရခြင်း၏နှစ်သိမ့်မှုမှဝေးကွာနေရ၏။ သို့သော်လည်း ကာသီဒြယ်တည်ဆောက်မှုလုပ်ငန်းမှာ ဆက်လက် လုပ်ကိုင်လျှက်ရှိကာ ပုံစံဒီဇိုင်းများမှာလည်း လျာထားသည့်အတိုင်း အနုစိတ်လုပ်ကိုင်လျှက်ရှိ၍ တွေ့ကြုံရင်ဆိုင်ရမည့် အခက်အခဲကိုဖြေရှင်းရန်နှင့် အစီအစဉ်မကျမှုများကို ပြေလည်စေရန်နည်းလမ်း တီထွင်ကြံဆခဲ့၏။ ထိုခက်ခဲမှုများကိုဖြေရှင်းရန် မြန်မာနိုင်ငံတွင်ကျွမ်းကျင်သူ တစ်ဦးတစ်ယောက်မျှမရှိ သော်ငြားလည်း သေအံ့ဆဲဆဲဖြစ်နေပြီး ကျိုးပဲ့ကြေမွနေသည့်ကိုယ်ခန္ဓာပိုင်ရှင် သစ္စာရှိရှိဆက်ကပ်ထားသော ဤရဟန်းတော်၏ အံ့သြဖွယ်ရာစိတ်ဓာတ်ကြောင့် အောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပေသည်။ ဤကာသီဒြယ်ကြီးကို (၁၈၉၃) ခုနှစ်မှစတင်ကာ (၁၉၁၀)ပြည့်နှစ်အထိ (၁၇)နှစ်တိုင် တိုင်တည်ဆောက်ခဲ့ရပါသည်။ ကာသီဒြယ်အသစ်ကို (၁၉၀၉)ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့၌ ခမ်းခမ်းနားနားကောင်းကြီးပေးကာ (၁၉၁၁)ခုနှစ် ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့၌ “အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်မ” ထံရည်စူး၍ ဆက်ကပ် အပ်နှံခဲ့၏။ အဓိကအလှူရှင်များ၏နာမည်များကို ၄င်းအပေါ်၌ရေးထိုးထားသော Rev. Fr. P. St. Guily မှ လက်မှတ်ရေးထိုးခဲ့၏။ ကာသီဒြယ်အားလှူဒါန်းအပ်နှံပြီး (၅)လအကြာ (၁၉၁၁)ခုနှစ် သြဂုတ်လ (၁)ရက်နေ့၌ ဘုန်းတော်ကြီး Janzen ပျံလွန်တော်မူခဲ့ကာ ၄င်းအားကာသီဒြယ်၏အဝင်အဝအလယ်၌ မြှပ်နှံခဲ့၏။ ထိုနေရာ၌ အမှတ်တရကျောက်ပြားပေါ်တွင် “ကိုယ်တော်ရှင်၊ ကိုယ်တော်ရှင်၏မိသားစုနှင့် ကိုယ်တော်ရှင်ကိန်းအောင်းရာ နေရာကို ကျွန်ုပ်ချစ်မြတ်နိုးပါသည်” “I Love the Lord, your family, and the place of your Glory” ဟူသောစာတမ်းကိုလည်း ကျောက်ပြားအပေါ်တွင်ရေးထိုးကာကပ်ထားလေ၏။ ခမ်းနားထည်ဝါလှသော ဤအဆောက်အဦးကြီးထဲမှာ မြုပ်နှံထားခြင်းလောက် သူ့အတွက်အခြားသင့်တော်သောနေရာရှိနိုင်ပါဦးမလား?။ သို့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်ကသူလဲလျောင်းရာနေရာကို ကာသီဒြယ်ထဲသို့ နေ့စဉ်စုရုံးရောက် ရှိလာကြသော ကက်သလစ်ဘာသာဝင် အများစုက မေ့မေ့လျော့လျော့ဂရုမစိုက်မိကြဘဲ သူမြုပ်နှံထားသည့်နေရာကိုသိကြသော အချို့သောညီအစ်ကိုမောင်နှမ ဧည့်သည်တော်များသာ သူ၏ဗိသုကာပညာကို တလေးတစား တန်ဖိုးထားပြီး သူ့ဂူနား၌တိတ်တဆိတ်ရိုသေသမှုပြုကြ၍ သူ၏ထူးချွန်ထက်မြက်မှုအတွက် အနည်းဆုံး ဦးချကြလေ့ ရှိကြောင်းတွေ့ရပါသည်။

(ဃ) ကာသီဒြယ်အသစ်နှင့် ဝမ်းနည်းစရာဘေးဒဏ်

(၁၉၃၀)ခုနှစ် မေလ(၅)ရက်နေ့တွင် လှုပ်ခဲ့သောငလျင်သည် မြို့ထဲ၌ကသောင်းကနင်း ဗြောင်းဆန်စေခဲ့၏။ ကာသီဒြယ်သည် ထိုငလျင်ဒဏ်ကို ရင်သပ်ရှုမောစရာကောင်းအောင် ကြံ့ကြံ့ခံနိုင်ခဲ့၏။ အတွင်းပိုင်း အမိုးပေါင်းကူးနှစ်ခုသာပြိုကျခဲ့ကာ အခြားအနည်းငယ်သော အက်ကြောင်းများသာဖြစ်ခဲ့၏။ ခေါင်းလောင်းစင်များ အနီးရှိမုခ်ခုံးနှစ်ခုမှာ အကြီးအကျယ်အက်ကွဲခဲ့သော်လည်း လအနည်းငယ်အတွင်း ပြန်လည်ပြင်ဆင်နိုင်ခဲ့၏။ (၁၉၄၁-၄၂)တွင် ဂျပန်တို့၏ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း (၁၉၄၄)ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့၌ မဟာမိတ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုသည် ကာသီဒြယ်၏ အလွန်လှပသော ပုံဖော်ခြယ်မှုန်းထားသည့် မှန်ရောင်စုံများကို မှုန့်မှုန့်ညက်ညက်ကွဲကြေစေခဲ့၏။ ထိုမှန်ချပ်များအစား ရိုးရိုးပြည်တွင်းဖြစ်မှန်ချပ်များဖြင့် အစားထိုးခဲ့သည်။ တဖန် (၂၀၀၈)ခုနှစ် မေလ(၂)ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ကာသီဒြယ်၏မှန်များ ထပ်မံထိခိုက်ကွဲကြေခဲ့ရသည်။ ထို့ကြောင့်ထိုမှန်ချပ်များနေရာတွင် မိုးရေကာဖျင်စများဖြင့်သာ ကယ်သီဒြယ်၏အလှ၊ ဂုဏ်သိက္ခာနှင့် မလိုက်ဖက်စွာ ယာယီကာရံထားရပေသည်။ ထိုမှန်ရောင်စုံများကို အစားထိုးတပ်ဆင်ရန်မှာ အလွန်မှ ငွေကုန်ကြေးကျများမည်ဖြစ်သည်။

(င) ကာသီဒြယ်ကြီးနှင့် ဆရာတော်ကြီးချားလ်စ်ဘို (CHARLES
CARDINAL BO)

ဆရာတော်ကြီးချားလ်စ်ဘိုသည် ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီးအဖြစ် (၂၀၀၃ ခုနှစ်၊ မေလ (၂၄)ရက်နေ့)တွင် ခန့်အပ်ခံရပြီး (၂၀၀၃ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့)တွင် စတင်တာဝန်ယူခဲ့ပါသည်။ ဆရာတော်ကြီးသည် လားရှိုးသာသနာ၊ ပုသိမ်သာသနာနှင့် မန္တလေးသာသနာတို့ကို အုပ်ချုပ်ခဲ့ပြီး အတွေ့အကြုံများပြားသူ ဆရာတော်ကြီးဖြစ်သည့်အပြင် အမြော်အမြင်ကြီးမားသူတစ်ဦးလည်းဖြစ်သည့် အားလျှော်စွာ ကာသီဒြယ်ကြီးအားရာပြည့်ဂျူဘီလီပွဲကျင်းပရန်အတွက် ဘက်စုံပြုပြင်မှုများပြုလုပ်ရန် ဆုံးဖြတ်လုပ်ဆောင်ခဲ့ပါသည်။ ထိုင်းနိုင်ငံမှ ဗိသုကာပညာရှင်များ၏အကူအညီဖြင့် ရှေးဟောင်းလက်ရာမပျက် ဘုရားကျောင်း၏မှန်ပြတင်းပေါက်များအားလုံးတွင် ရေးဆွဲထားသော ရောင်စုံမှန်ပန်းချီ ကားချပ်များဖြင့် အစားထိုးတပ်ဆင်ခြင်းလုပ်ငန်းများကို (၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့)မှ စတင်လုပ်ဆောင်ခဲ့ရာ (၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့)တွင် ပြီးမြောက်သွားခဲ့ပါသည်။ ဆက်လက်ပြီး ရာပြည့်ဂျူဘီလီပွဲတော်အမှီ ဘုရားကျောင်းတော်ကြီး၏ အတွင်းပိုင်း၊ အပြင်ပိုင်းအားလုံးကို ပြင်ဆင်နိုင်ခဲ့ပြီး (၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့)တွင် ဗာတီကန်မှကြွရောက်လာသော ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် HIS EMINENCE RENATO CARDINAL RENTO RAFFAELE MARTINO မှဦးဆောင်ပြီး မြန်မာပြည်အနှံ့မှ ဆရာတော်ကြီးများ၊ ရဟန်းဘုန်းတော်ကြီးများ၊ ဘာသာသူသားသမီးများနှင့်အတူ ကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို ပူဇော်ပေးခဲ့ပါသည်။ ဂိုဏ်းချုပ်ဆရာတော်ကြီးချားလ်စ်ဘိုမှာလည်း (၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့)တွင် မြန်မာနိုင်ငံ၏ ပထမဆုံးကာဒီနယ်အဖြစ် ရွေးချယ်ခြင်းခံရပြီး (၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့)တွင် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါသည်။ (၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့)မှ (၃၀)ရက်နေ့ထိ ပုပ်ရဟန်းမင်းကြီးသူတော်စင်မြတ် ပါပါးဖရန်စစ်၏ မြန်မာနိုင်ငံတော်ခရီးစဉ်တွင် (၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့)တွင် ရဟန်းမင်းကြီး သူတော်စင်မြတ်သည် စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးတွင် မြန်မာပြည်တစ်ဝှမ်းလုံးရှိ လူငယ်မောင်မယ်များအတွက် မစ္ဆားတရားတော်မြတ်ပူဇော်ပေးခဲ့ကြောင်း မှတ်တမ်းတင်ထားအပ်ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ရှေးဟောင်းလက်ရာအဆောက်အအုံများစာရင်းအမှတ်စဉ် (၇၉)တွင် ကာသီဒြယ်ဘုရားကျောင်း ပါဝင်ကြောင်း သိရှိရပါသည်။ ရန်ကုန်ဂိုဏ်းချုပ်သာသနာတော်တွင် အမှုတော်ထမ်းဆောင်ခဲ့သောဆရာတော်ကြီးများအဆက်ဆက်

ဆရာတော်ကြီး ပေါလ်အန်ဘရိုစ်ဘီဂန်းဒက်
Bishop Paul Ambrose Bigandet (Vicar Apostolic of Burma)
မွေးသက္ကရာဇ် - 13.08.1813 ခုနှစ် (ပြင်သစ်)
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 18.02.1837 ခုနှစ်
ဆရာတော်သိက္ခာခံယူရရှိသည့်နေ့ - 31.03.1856 ခုနှစ်
မြန်မာနိုင်ငံတွင်တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1856 ခုနှစ်မှ 1894 ခုနှစ်
ပျံလွန်တော်မူသည့်နေ့ - 19.03.1894 ခုနှစ် (ရန်ကုန်)
ဆရာတော်ကြီး အလက်ဇန္ဒားကာဒိုး
Bishop Alex Cardox (Vicar Apostolic of Lower Burma)
မွေးသက္ကရာဇ် -
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - … ပြင်သစ်သာသနာပြုအဖွဲ့ (MEP)
ဆရာတော်သိက္ခာခံယူရရှိသည့်နေ့ - 24.06.1893 ခုနှစ်
မြန်မာနိုင်ငံတွင်တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1893 ခုနှစ်မှ 1925 ခုနှစ်
ပျံလွန်တော်မူသည့်နေ့ - 18.10.1925 ခုနှစ် (မော်လမြိုင်)
ဆရာတော်ကြီး ပဲရ်ဝါး
Bishop Felix Perroy (Vicar Apostolic of Lower Burma)
မွေးသက္ကရာဇ် -
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - … ပြင်သစ်သာသနာပြုအဖွဲ့ (MEP)
ဆရာတော်သိက္ခာခံယူရရှိသည့်နေ့ - 1921 ခုနှစ်
မြန်မာနိုင်ငံတွင်တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1921 ခုနှစ်မှ 1931 ခုနှစ်
ပျံလွန်တော်မူသည့်နေ့ - 10.04.1931 ခုနှစ်
ဆရာတော်ကြီး ပရိုဗိုစ်
Bishop Dr. Federico Giuseppe Provost (Vicar Apostolic of Yangon)
မွေးသက္ကရာဇ် -
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - … ပြင်သစ်သာသနာပြုအဖွဲ့ (MEP)
ဆရာတော်သိက္ခာခံယူရရှိသည့်နေ့ - 21.11.1929 ခုနှစ်
မြန်မာနိုင်ငံတွင်တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1929 ခုနှစ်မှ 1952 ခုနှစ်
ပျံလွန်တော်မူသည့်နေ့ - 27.09.1952 ခုနှစ်
ဆရာတော်ကြီး ဘားဇင်း
Bishop Dr. Victor Vazin (Vicar Apostolic of Yangon)
မွေးသက္ကရာဇ် -
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - … ပြင်သစ်သာသနာပြုအဖွဲ့ (MEP)
ဆရာတော်သိက္ခာခံယူရရှိသည့်နေ့ - 18.10.1953 ခုနှစ်
မြန်မာနိုင်ငံတွင်တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 01.01.1955ခုနှစ်မှ19.06.1971 ခုနှစ်
ပျံလွန်တော်မူသည့်နေ့ -
ဆရာတော်ကြီး ဂါဗြီအဲလ်မန်းဂါဘီ (Archbishop Gabriel Thohey Mahn Gaby)
မွေးသက္ကရာဇ် - 19.09.1927 ခုနှစ် (ရန်ကုန်)
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 21.12.1951 ခုနှစ်
ဆရာတော်သိက္ခာခံယူရရှိသည့်နေ့ - 02.02.1965 ခုနှစ်
ရန်ကုန်ဂိုဏ်းချုပ်သာသနာတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1965 ခုနှစ်မှ 2002 ခုနှစ်
ပျံလွန်တော်မူသည့်နေ့ - 05.05.2016 ခုနှစ်
ဆရာတော်ကြီး ရေမွန်စောဖိုးရေ (Auxiliary Bishop Raymond Saw Po Ray)
မွေးသက္ကရာဇ် - 11.08.1948 ခုနှစ် ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 13.04.1975 ခုနှစ်
ဆရာတော်သိက္ခာခံယူရရှိသည့်နေ့ - 08.12.1987 ခုနှစ်
ရန်ကုန်ဂိုဏ်းချုပ်သာသနာတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 08.12.1987ခုနှစ်မှ22.03.1993 ခုနှစ်
(ယခု မော်လမြိုင်ဂိုဏ်းအုပ် ဆရာတော်ကြီး) ဆရာတော်ကြီး ဆိုတေးရိုဖားမော (Bishop Sotero Phamo)
မွေးသက္ကရာဇ် - 23.11.1943 ခုနှစ်
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 18.03.1972 ခုနှစ်
ဆရာတော်သိက္ခာခံယူရရှိသည့်နေ့ - 22.02.1989 ခုနှစ်
ရန်ကုန်ဂိုဏ်းချုပ်သာသနာတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် -28.09.2002ခုနှစ်မှ24.05.2003 ခုနှစ်
(ယခု လွိုင်ကော်ဂိုဏ်းအုပ်ဆရာတော်)
ဆရာတော်ကြီး ချားလ်စ်ဘို (Charles Cardinal Bo)
မွေးသက္ကရာဇ် - 29.10.1948 ခုနှစ်
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 09.04.1976 ခုနှစ်
ဆရာတော်သိက္ခာခံယူရရှိသည့်နေ့ - 16.12.1990 ခုနှစ် (လားရှိုး
) ဆရာတော်တာဝန်ထမ်းဆောင်ခဲ့သည့်နေရာများ - လားရှိုး၊ ပုသိမ်၊ မန္တလေး၊ ရန်ကုန်
ရန်ကုန်ဂိုဏ်းချုပ်သာသနာတွင်ဂိုဏ်းချုပ် ဆရာတော်အဖြစ်ခန့်အပ်သောနေ့ - 24.05.2003 ခုနှစ်
တာဝန်စယူသောနေ့ - 07.06.2003 ခုနှစ်
ကာဒီနယ်ကြီးအဖြစ်ခန့်အပ်သောနေ့ - 04.01.2015 ခုနှစ်
တာဝန်စယူသောနေ့ - 14.02.2015 ခုနှစ်
ဆရာတော်ကြီး ဂျက်စတင်းစောမင်းသိုက် (Auxiliary Bishop Justin Saw Min Thide)
မွေးသက္ကရာဇ် - 25.03.1951 ခုနှစ်
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 09.03.1984 ခုနှစ်
ဆရာတော်သိက္ခာခံယူရရှိသည့်နေ့ - 02.12.2007 ခုနှစ်
ရန်ကုန်ဂိုဏ်းချုပ်သာသနာတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် -02.12.2007ခုနှစ်မှ02.12.2009 ခုနှစ်
(ယခု ဘားအံဂိုဏ်းအုပ်ဆရာတော်)
ဆရာတော်ကြီး ဂျွန်စောယောဟန် (Bishop John Saw Yaw Han)
မွေးသက္ကရာဇ် - 05.05.1968 ခုနှစ်
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 18.03.1995 ခုနှစ်
ဆရာတော်သိက္ခာခံယူရရှိသည့်နေ့ - 12.04.2015 ခုနှစ်
ရန်ကုန်ဂိုဏ်းချုပ်သာသနာတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 12.04.2015 ခုနှစ်မှ ယနေ့တိုင်
စိန်မေရီကျောင်းတော်ကြီးတွင် အမှုတော်ထမ်းဆောင်ခဲ့သော ကျောင်းထိုင်ဘုန်းတော်ကြီးများအဆက်ဆက်
ဖာသာရ်ဗာရီးနီ (Fr. G. Verine)
မွေးသက္ကရာဇ် -
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ -
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1908 ခုနှစ်မှ 1915 ခုနှစ်
ဖာသာရ်ဂူးလီ (Fr. P. St. Guily)
မွေးသက္ကရာဇ် -
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ -
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1915 ခုနှစ်မှ 1937 ခုနှစ်
ဖာသာရ်ကာစင်ဂါ (Fr. J. Cassinger)
မွေးသက္ကရာဇ် -
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ -
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1915 ခုနှစ်မှ 1937 ခုနှစ်
ဖာသာရ်ရွိုင်း (Fr. P. Roy)
မွေးသက္ကရာဇ် -
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 1913 ခုနှစ်
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1937 ခုနှစ်မှ 1957 ခုနှစ်
ပျံလွန်တော်မူသည့်နေ့ - 12.06.1957 ခုနှစ်
(စိန်ထရေဇားဘုရားကျောင်း)
(အထက်ဖော်ပြပါဘုန်းတော်ကြီးများနှင့် ပတ်သတ်၍ မှတ်တမ်းမှတ်ရာများ သေချာစွာမသိရှိသော်လည်း စိန်မေရီကျောင်းတော်ကြီးတွင် ဆေးကြောခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်းမှတ်တမ်းစာအုပ်များတွင် တာဝန်ယူဆောင်ရွက်ခဲ့သည့် အထောက်အထားများရှိပါ၍ ခန့်မှန်းဖော်ပြခြင်းဖြစ်ပါသည်။)
မွန်ဆီညော် ဂျိုးဇက်ဖာနန်ဒက် (Msgr. Joseph Fernandez)
မွေးသက္ကရာဇ် - 24.04.1915 ခုနှစ်
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 21.11.1941 ခုနှစ်
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1949 ခုနှစ်မှ 1974 ခုနှစ်
ပျံလွန်တော်မူသည့်နေ့ - 19.07.2011 ခုနှစ်
မွန်ဆီညော်ဂျိုးဇက်ဒါနီးအဲလ် (Msgr. Joseph Daniel)
မွေးသက္ကရာဇ် - 11.09.1923 ခုနှစ်
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 06.04.1972 ခုနှစ်
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1974 ခုနှစ်မှ 1975 ခုနှစ်
ပျံလွန်တော်မူသည့်နေ့ - 07.04.2016 ခုနှစ်
မွန်ဆီညော်ဘရူးနိုးစိန်ဝင်း (Msgr. Bruno Sein Win)
မွေးသက္ကရာဇ် - 23.09.1929 ခုနှစ် (တွံတေး - သပြုစမ်း)
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 15.01.1951 ခုနှစ်
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1975 ခုနှစ်မှ 1976 ခုနှစ်
ပျံလွန်တော်မူသည့်နေ့ - 27.02.2002 ခုနှစ်
ဖာသာရ်ဆေရယ်မြတ် (Fr. Cyril Myat)
မွေးသက္ကရာဇ် - 06.05.1914 ခုနှစ်
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 21.12.1939 ခုနှစ်
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1976 ခုနှစ်မှ 1987 ခုနှစ်
ပျံလွန်တော်မူသည့်နေ့ - 04.02.1987 ခုနှစ်
ဖာသာရ်အက်ဒွင်ဒေးဗစ် (Fr. Edwin David)
မွေးသက္ကရာဇ် - 24.10.1944 ခုနှစ်
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 11.03.1972 ခုနှစ်
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1989 ခုနှစ်မှ 1994 ခုနှစ်
ပျံလွန်တော်မူသည့်နေ့ - 05.09.2008 ခုနှစ်
မွန်ဆီညော်စောဖိုးပိုင် (Msgr. Ephrem Saw Po Paing)
မွေးသက္ကရာဇ် - 03.09.1946 ခုနှစ်
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 01.03.1973 ခုနှစ်
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 1994 ခုနှစ်မှ 2003 ခုနှစ်
ပျံလွန်တော်မူသည့်နေ့ - 24.01.2013 ခုနှစ်
မွန်ဆီညော်စောဒေးဗစ် (Msgr. Saw David)
မွေးသက္ကရာဇ် - 07.02.1953 ခုနှစ်
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 19.03.1983 ခုနှစ်
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 2003 ခုနှစ်မှ 2007 ခုနှစ်
(ယခုအနားယူ)
မွန်ဆီညော်ဂေါ်ဒင်အန်ထော်နီ (Msgr. Gordon Anthony)
မွေးသက္ကရာဇ် - 19.01.1934 ခုနှစ်
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 19.03.1986 ခုနှစ်
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 2007 ခုနှစ်မှ 2011 ခုနှစ်
ဖာသာရ် ဒေါမိနစ်သက်တင် (Fr. Dominic Thet Tin)
မွေးသက္ကရာဇ် - 30.06.1963 ခုနှစ်
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 04.04.1993 ခုနှစ်
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် - 09.02.2011 ခုနှစ်မှ 07.04.2018 ခုနှစ်
ဖာသာရ် ဂျိုးဇက်မောင်ဝင်း (Fr. Joseph Maung Win)
မွေးသက္ကရာဇ် - 28.03.1953 ခုနှစ်
ရဟန်းသိက္ခာခံယူရရှိသည့်နေ့ - 19.03.1981 ခုနှစ်
စိန်မေရီကျောင်းတော်တွင် တာဝန်ထမ်းဆောင်သည့်ခုနှစ် - 07.04.2018 ခုနှစ်မှ ယနေ့တိုင်
ရပေသည်။